ရခိုင်ကမ်းရိုးတန်း၌ ထင်ရှားသော ပင်လယ်ကူးဆိပ်ကမ်းကြီးများစွာရှိသည်။ ယင်းတို့မှာ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် သံတွဲဆိပ်ကမ်းများဖြစ်ကြသည်။ အဆိုပါဆိပ်ကမ်းကြီးများမှာ မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းရိုးတန်းဆိပ်ကမ်းကြီးများတွင် ပါဝင်လျက်ရှိသည်။
စစ်တွေဆိပ်ကမ်း။ ကုလားတန်မြစ်ဝတွင်တည်ရှိပြီး ပင်လယ်ပြင်မှ အတွင်းသို့မိုင် (၅) မိုင်ခန့်အကွာတွင်ရှိသဖြင့် လှိုင်းလေ ငြိမ်သက်သည်။ စစ်တွေမြို့၏အရှေ့ဘက် အင်းပေါက်ဝရေပြင်တွင် သင်္ဘောကြီးများ ကျောက်ချရပ်နားကာ ကုန်ပစ္စည်းများကို အတင်အချပြုလုပ်လေ့ရှိကြသည်။
စစ်တွေဆိပ်ခံတံတားကြီး (ဖောင်တော်ကြီး)ကို (၁၈၇၆)ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ကာလကတ္တား၊ စစ်တကောင်းစသည့် ပြည်ပဆိပ်ကမ်းကြီးများသို့ ခရီးသည်နှင့် ကုန်စည်များ တင်ပို့ခဲ့ရာဆိပ်ကမ်းကြီးဖြစ်သည်။ လက်ရှိတွင်လည်း ကမ်းရိုးတန်းသွား ကုန်စည်နှင့်ခရီးသည်တင် သင်္ဘောတို့ထွက်ခွါရာဆိပ်ကမ်း တစ်ခုဖြစ်သည်။ လစဉ်ကုန်ကျတန်ချိန် (၈၀၀၀)မှ (၁၀၀၀၀) ကြား တင်ချနေသည့်ဆိပ်ကမ်းလည်းဖြစ်သည်။
(၂၀၀၄) ခုနှစ် မေလတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဆိပ်ကမ်းတံတားဟောင်းကြီးပြိုပျက်ခဲ့ပြီး၊ (၂၀၀၇) ခုနှစ်တွင် ရေဆင်းတံတားအရှည် (၄၄၄)ပေ၊အကျယ် (၂၄)ပေနှင့်ဆိပ်ခံတံတားအလျား (၂၄၀)ပေ၊ အကျယ် (၄၈)ပေရှိပြီး ခံနိုင်ဝန်တန် (၅၀)ရှိသော သံကူကွန်ကရစ်တံတားကြီးကိုတည်ဆောက်ခဲ့သည်။ တန်ချိန် (၄၀၀၀)ရှိ သင်္ဘောများဝင်ရောက်ဆိုက်ကပ်နိုင်သည်။
စစ်တွေဆိပ်ကမ်းအား တန်ချိန် (၁၀၀၀၀)ထိ ရှိသော သင်္ဘောကြီးများ ၀င်ရောက်ဆိုက်ကပ်နိုင်မည့် နိုင်ငံတကာ ဆိပ်ကမ်းကြီးတစ်ခုအဖြစ် အိန္ဒိယ နိုင်ငံက တည်ဆောက်ရန်စီစဉ်လျက်ရှိသည်။ ကုလားတန်မြစ်ကြောင်းကို အသုံးပြု၍ ဤဆိပ်ကမ်းမှ အိန္ဒိယ နိုင်ငံထွက်ကုန်ပစ္စည်းများ အရှေ့တောင်အာရှနိုင်ငံများ၊ တောင်အာရှနိုင်ငံများမှ ကုန်ပစ္စည်းများကို တင်သွင်း သယ်ပို့ရန်နှင့် ယင်းနိုင်ငံများနှင့် ဆက်သွယ် ကုန်သွယ်မှပြုရန် ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူဆိကမ်း။ ကျောက်ဖြူဆိပ်ကမ်းမှာ ကျောက်ဖြူမြို့၏အရှေ့တောင်ဘက်ရေမိုင်(၈)မိုင်ခန့်အကွာတွင်ရှိသည်။ ကျောက်ဖြူမြစ်ဝမှဝင်ရောက်ရာ ရေလမ်းကြောင်းတစ်လျှောက် ရေကြောင်းနေရာများ၏ အနက်မှာပေ(၅၀)ပေ ၊(၇၀)ပေ(၁၀၀)နှင့်အနက်ဆုံး (၁၅၉)ပေထိ အနက်ရှိသည်။ ပေ(၅၀)အနက်ရှိသော ရေကြောင်းလမ်းကို သောင်တူးဖော်ခြင်းမရှိဘဲဝင်ရောက်နိုင်သည့် သဘာဝရေလမ်းကြောင်းလည်းဖြစ်သည်။ကျောက်ဖြူဖြို့ရေနက်ဆိပ်ကမ်းတည်ဆောက်နိုင်သည့် ကျွန်းနေရာ (၈)ခုရှိသည်။ အဆိုပါနေရာများတွင် ပစ္စည်းသိုလှောင်ရုံများတည်ဆောက်နိုင်ခြင်း၊ရေကောင်းရေသန့်များရရှိနိုင်ခြင်း၊ကျွန်းအနီးပတ်ဝန်းကျင်၌ သဘောင်္ာကြီးများ ကျောက်ချရပ်နားပြီး အလှည့်အပတ်ပြုလုပ်နိုင်သောနေရာများရှိသည်။ရေအနက်ပေအားဖြင့်(၆၀)ပေရှိပြီး ရေပြင်အကျယ်အားဖြင့်လည်းစတုရန်းပေ(၄၀၀၀)ရှိသောနေရာများဖြစသည်။ရာသီဥတုပြင်းထန်ဆိုးဝါးသည့် မုတ်သုန်ရာသီဥတု ကာလတွင် အနောက်တောင်ရာသီလေကို ကာကွယ်ထားသောနေရာလည်းဖြစ်သည်။ဧပြီလနှင့်မေလတို့တွင်အရှေ့ဘက်မှ လေတိုက်ခြင်းကို ခံရသော်လည်း လှိုင်းအမြင့်(၅)ပေ ခန့်သာရှိသောနေရာလည်းဖြစ်သသည်။
သံတွဲဆိပ်ကမ်း။ သံတွဲမြို့မှ( ၁၀)မိုင်ခန့်ကွာဝေးသည့် အန္ဒြူးပင်လယ်အော်၌ သပြုချိုင်ဆိပ်ကမ်းရှိသည်။ဤဆိပ်ကမ်းမှာ သံတွဲမြို့ကမ်းမှာ ကားလမ်းမှာ (၂၇)မိုင်ဝေးကွာသည်။ ငါးဖမ်းသင်္ဘောများ ကမ်းရိုးတန်းသွား သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ ဤဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ပစ္စည်းများတင်ပို့လျက်ရှိသည်။
ကိုးကားချက်။
ဒေနိန့် ရခိုင်ပြည် လူမှု စီးပွါး ပထ၀ီ
မောင်ကောက်စံ( ပြည်ရခိုင်) ၂၀၀၈ ခုနှစ် ထုတ်စာအုပ်
No comments:
Post a Comment