တတိယဓည၀တီမြို့တော်စံ ဘုရင်စန္ဒသူရိယမင်သည် တနိန့်သောအခါ ဥယျာဉ်တော် မင်္ဂလာတော်၌ စံမြန်းနိန်ချိန်မှာ မဇ္ဈိမဒေသ ရာဇဂြိုဟ်မှ ကုန်သည်သုံးဦးတို့သည် ဘုရင်မင်းမြတ်ထံ အခစား အဖူးဘဏ္ဍာ ဆက်သကြရန် ဥယျာဉ်တော်သို့ ဖူးမြော် လာရောက်ကြလေသည်။
ဘုရင်မင်းမြတ်ကလည်း တစ်ပြည်ရပ်သားခြားများအားလှစ်လှဲပျူငှါစွာ နှုတ်ခွန်းဆက်သကာ
မိန့်ကြားလေသည်။သင်တို့၏တိုင်းပြည်နိုင်ငံ၌ ထင်ရှားသော ပညာဟိများ ရှိပါသလော ဟုမိန်းမြန်းတော်မူလေရာ ထိုကုန်သည်သုံးဦးတို့က ဤလောကကြီး၌ တုဘက်ကင်းသော ပညာဟိ အထွဋ်အမြတ် ပေါ်ထွန်းလျက်ရှိပါသည်ဘုရား၊ ထိုပညာဟိအကြောင်းကိုလျှောက်ထားရမည်ဆိုပါသော် ချက်ချင်းမလျှောက်ကြားနိုင်ပါ၊ ခန္ဓာကိုယ်အား ကိုယ်လက်သုတ်သင်စေပြီး အာခံတွင်းတို့အား ရီဖြင့်ဆီးကြောလျက် ပလုတ်ကျင်းပြီးမှသာ လျှောက်ထားနိုင်ပါမည်ဟုလျှောက်တင်ကြလေသော်…
ဘုရင်မင်းမြတ်ကလည်း ရွှီကရားရှိ ရီဖြင့်သန့်ရှင်းစေပြီးသော် လျှောက်တင်စေသည်။ ထိုအခါ ကုန်သည်သုံးဦးတို့၏အကြီးအမှူးဖြစ်သူက ဘုရင်မင်းမြတ်အား လျှောက်လေသည်မှာ………
အနောက်မဇ္ဈိမဒေသ ရာဇဂြိုဟ်ပြည်၌ ယခုအခါ သုံးလောကထွဋ်ထား သယမ္ဘူအစစ် သဗ္ဗညုတ ရွှီဥာဏ်တော်ရသော ဗုဒ္ဓ ဂေါတမ ဘုရားမြတ်စွသည် ပေါ်လျက်ရှိုပါသည်ဘုရား..ဟု လျှောက်ထားလေသော် ဘုရားတည်ဟူသော အသံကိုကြားလိုက်ရသဖြင့် ပီတိသောမနဿဖြစ်ကာ မိန့်မောလားသည်။ တနားချေကြားခါမှ သတိပြန်ရကာ ပြန်လျှောက်ထားရန် မိန့်ကြားတော်မူ၏။
အရှင်ဘုရား ထိုဘုရားသခင် သည် တရားမန့်ကြား ဟောပြောသောအသံတို့မှာ ကရ၀ိက်ငှက်သံကဲ့သို့ ချိုသာပြီး သတ္တ၀ါတို့အား ချက်ချင်းအသိတရားရစီလျက် ၊ ဓမ္မတရားတော် နာခံရသူမှန်သမျှ များစွာကုန်သော လူ နတ် ဗြဟ္မာ ကျွတ်တမ်းဝင်ကြပါသည်။ ဗုဒ္ဓစကား နားထောင်ပြီးသော် သာသနာ့ဘောင်သို့ဝင်ကာ တရားအားထုတ်ကြကုန်သော ရဟန်းသံဃာတို့သည် ပေါ်ထွန်းလျက်ရှိပါသည်။ ကျွန်တော်မျိုးတို့ ရာဇဂြိုဟ်ပြည်မှာ နီ လ ပမာ ထွန်းတောက်သော ဘုရား၊ တရား ၊သံဃာ တော်များ ပေါ်ပေါက်ထွန်းကားလျက် ရှိပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား.. ဟုလျှောက်တင်ကြလေသည်။
စန္ဒသူရိယ ဘုရင် မင်းမြတ်သည် အလွန်ပင် ၀မ်းမြောက်လေရကား ကုန်သည်ကြီး သုံးဦီးတို့အား ဆုငွေအဖြစ် တစ်ဦးလျှင် သုံးသိန်းကျစီ ပီးလိုက်ပြီးသော် သူတို့၏ပါလာသော ကုန်ပစ္စည်းများအပေါ် အခွန်ဘဏ္ဍာငွေ ကင်းလွတ်စီလျက် ချီးမြှင့်တော်မူလေသည်။
စန္ဒသူရိယ ဘုရင်သည် နန်းတော် ညီလာခံသို့ဝင်ကာ များစွာကုန်သော မှူးမတ်သေနာပတိတို့အား ခေါ်ယူလျက် ညီလာခံသဘင် ကျင်းပကာ ဗုဒ္ဓမြတ်စွာ ဘုရားအား ရခိုင်သို့ ပင့်ဆောင်ရအောင် အထူးတိုင်ပင်ဆွေးနွေး မိန်းမြန်းတော်မူလိုက်သည်။
အကြီးဆုံးဖြစ်သော နရပတိ ၀င်စားအမတ်ကြီးအား မိန်းမြန်းလိုက်သော် ဘိုးတော်ဖြစ်သော နရပတိက ဘုရားဟူသည်ကား မရှိချေ ဇာမှာ ဖူးမြင်ရပါအံ့နည်းဟု လျှောက်ထားလိုက်သော် ဘုရင်မင်းမြတ်သည် အမျက်ဒေါသထွက်ပြီး ဘိုးတော် နရပတိအား နန်းမှထွက်စီကာ တောသို့နှင်ထုတ်တော်မူလိုက်သည်။
ဘိုးတော်အားတောသို့နှင်မထုတ်သင့်ကြောင်းမိဖုရားခေါင်းကြီးကလျှောက်ထားလိုက်သော်မိဖုရားခေါင်းကြီးအားလည်း တောသို့နှင်ထုတ်လိုက်၏။ မိဖုရားကြီးအား နှင်မထုတ်သင့်ဟု ပုဏ္ဏားကြီးက လျှောက်ထားလိုက်ရ ပုဏ္ဏားကြီးအားလည်း တောသို့နှင်ထုတ်လိုက်လေ၏။
တစ်ဖြည်း နန်းတော်တစ်ခုလုံးရှိ များစွာသော လူတို့အား တောသို့နှင်ထုတ်တော်မူမှုကို မြင်သော (ဗရုကိစ္ဆ) ကျွန်းသုံးကျွန်းအပိုင်စားခံရသောပညာဟိဒေ၀ကျော်ဝိမလအမတ်သည်ဥပ္ပရဒေ၀ီမင်းသမီးနှင့်တိုင်ပင်ဆွေးနွေးကာ ဘုရင်မင်းမြတ်အား အောက်ပါအတိုင်း လျှောက်ထားလိုက်လေသည်။
” ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အရှင်မင်းကြီး ဗုဒ္ဓ ဘုရားဆိုသည်မျာ ဤလောက၌ ပြိုင်ဘက်တုကင်း တန်းခိုးတော်အနန္တနှင့် ပြည့်စုံပြီး သဗ္ဗညုတ အလုံးစုံသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အရှင်မင်းမြတ် ဖူးမြော် ပင့်ဖိတ်လိုပါက နန်းတော်နားရှိ သီရိဂုတ် ကုန်းမြီ၌ ပြဿာဒ်ဆောင် အသစ် တည်ဆောက်ကာ အုန်း နှပျိုး တရားပွဲနှင့် ဆီမီး ပန်းခိုင် အစုံအလင်ဖြင့် စီမံကာ ဘုရားရှင်၏ အရံသံဃာတော်များနိန်ထိုင်မည့် နိန်ရာတစ်ဖက်တစ်ချက် စီမံပြီးသော် အရှင်မင်းမြတ်ကိုယ်တိုင် အနောက်မဇ္ဈိမအရပ် ဘုရားရှင် ရှိရာသို့ လက်စုံမိုး ရှိခိုးလျက် မနောအဓိဋ္ဌာန်ဖြင့် ရခိုင်ပြည်သို့ကြွလာပါရန် ပင့်ဖိတ်တောမူပါက ဗုဒ္ဓရှင်တော် အမှန်ဧကန် သိတော်မူပြီး မကြာလျင်ပင် ကြွတော်မူလာပါလိမ့မည် ဘုရား ဟု “ လျှောက်တင်လိုက်လေသည်။
စန္ဒသူရိယမင်းကြီးလည်း များစွာ ၀မ်းမြောက်ကုန်လျက် ပညာဟိ အမတ်ကြီး ဒေ၀ကျော် ၀ိမလ အမတ်ကြီး အကြံချက်အတိုင်းစီမံလိုက်ပြီး ဘုရားရှင်အားရိုသေကိုင်းညွှတ် သဒ္ဓါပြင်းပြစွာ ပင့်လျှောက်တော်မူလေသည်။
မူးကြီးမတ်ရာနန်းသူ နန်းသား အပေါင်းလည်း ပြဿာဒ်ဆောင်သစ်မှာ ဘုရားရှင်အားပင့်ဖိလျက် ရှိးခိုးကော်ရော် ပူဇော်သမူ ပြုကြလေတော့သည်။
ထိုအချိန်မှာ ဘုရားရှင်သည် ၀ါတော် (၂၀ ) မြောက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ဂန္ဓကုဋိတွင်းမှာ တရားဆင်ခြင် သယမ္ဘူဥာဏ်ဖြင့် စကြာဝဠာအနန္တ ကျွတ်တမ်းဝင်မည့်သူများကို ကြည့်ရှုတော်မူသော် ဓည၀တီရခိုင်ပြည်မှ စန္ဒသူရိယမင်းနှင့် ပြည်သူများ ပင့်ဖိတ်ခြင်းကို သိတော်မူသဖြင့် ညီတော် အာနန္ဒာအား ခေါ်တော်မူ၍ ယူဇနာ ကိုးရာဝီးသော ဓည၀တီ ရခိုင်ပြည်သို့ နက်ဖန် မိုးထ အရုဏ်တက် နီထွက်ချိန်မှာ ကောင်းကင်ခရီးဖြင့် ဒေသစာရီ လိုက်ပါလိုသူ ရဟန်းတို့အား စာရင်းယူထားလိုက်သည်။
သိကြားမင်းလည်းသိတော်မူ၍ မာတလိ ၀ိသကြုံ နတ်နှစ်ပါးအား ရဟန္တာအပါးငါးရာ အတွက် နတ်ပြဿာဒ်ငါးရာ ဖန်ဆင်းစီလိုက်သည်။ မဟာသက္ကရာဇ် (၁၂၃)ခု ကဆုန်လဆန်း (၈)ရက် ဗုဒ္ဓဟူးနိန့် တွင် နတ်ပြဿာဒ်ငါးရာဖြင့် ရဟန္တာငါးရာခြံရံကာ မြတ်စွာဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာသည်ကို မဇ္ဈိမဒေသမှ လူအပေါင်းနှင့် ရခိုင်ပြည်သူ ရခိုင်ပြည်သား အပေါင်းတို့ ထူးဆန်းအဲ့ဩဖွယ် ဖူးမြော်မြင်တွိ့ကြရလေသည်။ ( တစ်ချို့ရာဇ၀င်တိမှာ သာဝတ္ထိမှာ ဟု တွိ့ရသည်)။
ဘုရားရှင်လည်း ဓည၀တီရခိုင်ပြည်၏ ဂစ္ဆပနဒီဖြစ် အရှိ့ဘက်ကမ်းနဖူးရှိ သေလာဂီရိပဗ္ဗတ တောင်တန်းသို့ ရောက်တော်မူသော် ကောင်းကင်မှ သက်ဆင်းလျက် မောရပဗ္ဗတ တောင်းစွန်းဝယ်၌ ရပ်တော်မူပြီး အရပ်လေးမျက်နှာသို့ ကြည့်ရှုကာ ပြုံးတော်မူလေသော် အာနန္ဒာ လျှောက်တင်လေသဖြင့် အတိတ်ဆောင်ပြီး မိန့်ကြားသည်မှာ ငါဘုရားသည် ရှီးယခင်နုစဉ်ဘ၀က ဤတိုင်းပြည် နိန်ရာဌာန အသီးသီး၌ ကျင်လည်ခဖူးသည်။ ဤရခိုင်ပြည်သည် စပါးဆန်ရီ ပေါများကာ ဒုဗ္ဘိကန္တာရကပ် လွတ်လေသောကြောင့် နောင်တော်ဘုရားအဆူဆူကို ဗျာဒိတ်ထားသည့်အတိုင်း ငါဘုရားသည်လည်း ဤနိုင်ငံအား (ဓည၀တီ) ဟူ၍င် ဗျာဒိတ်ထားတော်မူလေသည်ဟု သံသာချိုမြ မိန့်ဟလေတော့သည်။
ဘုရားရှင်က ထပ်မံပြီးသော် မိန့်တော်မူသည်မှာ ငါဘုရားပရိနိဗ္ဗာန်ယူသောအခါ ကျန်ရစ်သော ဓါတ်တော်များအနက် ယခုငါ ဗျာဒိတ်ထားအပ်သော တော တောင် ရီ မြီ ဌာန အသီးသီးတို့၌ ရခိုင်မင်းတို့ စေတီပုထိုး တည်ထားကိုးကွယ်ကြလျက် များစွာအကျိုးရှိလိမ့်မည် ဟု မိန့်ကြားကာ နုစဉ်ကာလ ဘ၀များစွာ ကျင်လည်ခမှု အသီးသီးကို လက်ညှိုးညွှန်ပြလျက် ဗျာဒိတ်ပီးတော်မူပြီးသော် ရောင်ခြည်တော် ခြောက်သွယ် တစ်ပြိုင်နက် ကွန့်မြူးလိုက်သဖြင့် မြီငလျင် ပြင်းစွာတုန်လှုပ်ကောင်းချီးပီးလိုက်လေသည်။
စန္ဒသူရိယမင်းလည်း ဘုရားရှင်ကြွရောက် ရပ်တန့်နိန်မှု ကိုသိတော်မူသဖြင့် အခြီအရံများစွာဖြင့် ကြွချီလာကာ ဗုဒ္ဓခြီတော်ကိုကိုင်လျက်ရိုသေစွာရှိခိုးပြီးသော် နန်းပြဿာဒ်ဆောင်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်တော်မူလေသည်။
သီရိဂုတ်ကုန်းတော်၌နန်းပြဿာဒ်ဆောင်အတွင်းသီတင်းသုံးစေတော်မူကာဘုရားရှင်နှင့်တကွရဟန္တာငါးရာအား အသင့်စီမံထားသောနို့ဂဏာဆွမ်းဖြင့်ဆက်ကပ်လှူဒါန်းတော်မူလိုက်သည်။ဘုရားရှင်လည်းဆွမ်းအနုမောဒနာတရားတော်ကို ဟောကြားတော်မူ၏။
စန္ဒသူရိယမင်းမြတ်သည် ဘုရားရှင်အားလျှောက်ထားလိုက်သည်မှာ … အရှင်ဘုရား ၊ မဇ္ဈိမဒေသသို့ ပြန်ကြွမြန်းလိုက်သော် တပည့်တော် ကိုးကွယ်ရာမဲ့ ဘ၀ သို့ကျရောက်ပါမည်ဖြစ်ပါ၍ သနားသဖြင့် ကိုးကွယ်ဆည်းကပ်နိုင်ရန် အရှင်ဘုရားကိုယ်စား ရုပ်ပွါးတော်မြတ်တစ်ဆူကို သွန်းလုပ်ခွင့်ပြုပါရန် တောင်ပန်းလျှောက်ထားလိုက်လေသည်။
ဘုရားရှင်လည်း အတိတ်ဘ၀ကာလက မိမိသည် ပုဏ္ဏားဗေဒင် ဆရာဖြစ်ပြီး မိတ်တွီဖြစ်သူ စန္ဒသူရိယ အလောင်းကား ဆင်းရဲပင်ပန်းသော နွားကျောင်းသားဘ၀ ဖြစ်ကြစဉ်တုန်းက နွားကျောင်းရာတွင် တစ်နိန့်သောအခါ ခိုးသူတို့ယူလား၍ နွားတစ်ကောင်ပျောက်လေရာ တစ်သက်လုံးကျွန်ဘ၀ခံရမည့်ဘေးကို လွတ်စီရန် ဗေဒင်ကြည့်ရာ ပျောက်ဆုံးသောနွားကို ခြုံပုတ် တစ်နိန်ရာတွင်မြင်၍ နှစ်ဦးအတူလားလိုက်ကတ်တေခါ ခိုးသူတို့ထွက်ပြီးလားသဖြင့် ပျောက်နွားကိုရခ၍ တစ်သက်ကျွန်ဘ၀မှ လွတ်ခသော ကျေးဇူးကြောင့် စန္ဒသူရိယအလောင်းနွားကျောင်းသားသည် ဘုရားလောင်ပုဏ္ဏားအား နိန့်စဉ်ကြည့်ရှုဆောင်ရွက်မှု ပီးကမ်းပြု၏။ တစ်နိန့်မမြင်ရလျှင် မနိန်နိုင်ဘ၀မျိုးဖြစ်ရချေသည်။
တစ်နိန့်သောအခါ ဘုရားလောင်းပုဏ္ဏားက ညအိပ် ခရီးလားရန်ရှိ၍ ပြောပြသောအခါ အရှင်ပုဏ္ဏား အရုပ်တစ်ခုခန့် ထုလုပ်ပီးခပါ ဟု တောင်းပန်လိုက်သဖြင့် စိတ်ကြေနပ်စီရန် မိမိကိုယ်တိုင် တမန်းသားကို အရုပ်ထုပြီး ငါ၏အရုပ်ကိုယ်စား ဖြစ်သည်ဟု ပီးလိုက်ပြီးခါမှ စန္ဒသူရိယလောင်း နွားကျောင်းသားလည်း ကြည်ဖြူစွာ ခွင့်ပြုသည်ကို မြင်တော်မူသဖြင့် ဘုရားရှင်သည် မဇ္ဈိမဒေသ ကောသလတိုင်း ၌လည်း ကိုယ်စားတော်ဂန္ဓသာရ ရုပ်ထုတော်ကို နောက်အခါ ဒိဋ္ဌိမင်းရို့ကြောင့် သိကြားမင်းသည် ပန်လင်နန့်တကွ ကွယ်ပျောက်မည်ကို မြင်သောကြောင့် ပဉ္စလေဟာ ရတနာတိကို လက်ခံတော်မူပြီး တစ်ဆံခြည် မကြွင်းစိမ့်သောငှါ ကဆုန်လပြည့် ဗုဒ္ဓဟူးနိန့် ညဇာဖက်အချိန် သိကြားမင်းအား သွန်းလုပ်ရန် ပီးအပ်လိုက်လေသည်။
သိကြားမင်းလည်း မာတလိ ၀ိသကြုန် နတ်သားတိနန့် တစ်ညဉ့်ပတ်လုံး သွန်းလုပ်လိုက်သော် ကိုယ်စားရုပ်ပွါး မိုးလင်းအရုဏ် ကြာသပတီးနိန့် ပြီးစီးခြင်းသို့ရောာက်လေ၏။ နဖူးသစ်ကျစ်မှာ တစ်ဆံခြည်မျှ မစိသဖြင့် ဗုဒ္ဓကိုယ်တိုင်မိမိရင်ငွိ့တော်ခုနစ်လက်ခုပ်ထည့်လိုက်သဖြင့် ဤဇမ္ဗူ၌ ဘုရားနှစ်ပွင့်ပြီး အလားတူမျှထင်မိရသည်။ နတ်ဗြဟ္မာ အပေါင်း ပန်းမိုးရွာကာ နတ်စည်နတ်ညှင်း ဒူရိယာ တီးမှုတ်ပူဇော် ကြမှုကို လူတိုအားလုံး မြင်တွိ့ရလေတော့သည်။ မြီကြီးငလျှင်လည်း ပြင်းထန်စွာ မြည်ဟီးကာ ကောင်းချီးပီးတုန်လှုပ်လိုက်လေသည်။
စန္ဒသူရိယမင်းကြီးလည်း များစွာဝမ်းမြောက်တော်မူလျက် ဘုရားရှင်အား နန်းတော်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်လိုက်လေသော် မဟာမုန်ရုပ်ပွါးတော်သည် ထကြွလိုက်မည့်ပုံပြလိုက်သဖြင့် ဘုရားရှင်က ညီဘွား ရှင်ချစ် သင်မထနှင့် မထူးနှင့် သာသနာ ငါးထောင်ပတ်လုံး အပူဇော်ခံကာ နတ်လူတို့အကျိုးခံယူလော့၊ ဟိုအတိတ်ဘ၀က ငါဘုရားမာန်အောင် ကျွန်းတွင် မင်းဖြစ်စဉ်က တောင်သူငခြီတစ်ဦးကို ကြောသား ရင်သား နုတ်ကာ သတ်မိခဖူးသော ၀ိပါက်ကို ငါးဘုရားကိုယ်စား ခံကျန်လိုက်လော့ ဟု ဗျာဒိတ် စကားတော် ထားတော်မူခသည်။
ဘုရားရှင်လည်း ရဟန်းငါးရာ ခြံရံကာဖြင့် ဆွမ်းစားကြွရာ ရုပ်ပွါးတော်အား မြင်လောက်သော တောင်တစ်ခုသို့ ရောက်သောအခါ ကြည့်လိုက်သော ဒေနိန့်တိုင် (မြင့်မိုရ် ) ဟုခေါ်ဆိုကြည်။
မြတ်စွာဗုဒ္ဓလည်းဆွမ်းသုံးဆောင်ပြီးနောက်မင်းကြီးအားဗုဒ္ဓကိုယ်စားသွန်းလုပ်ကိုးကွယ်သဖြင့်အကျိုးတရားဖြစ်သော )သတ္ထုဗိမ္ဗသုတ်တော်) တရားထူးကို ဟောကြားတော်မူလိုက်သည်။
စန္ဒသူရိယမင်းနှင့်မှူးမတ်အပေါင်းတို့သည်သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ နန်းတွင်းရှိ ပဒမဒေ၀ီ(ခေါ်) ဥပ္ပရဒေ၀ီဖိဖုရားနှင့် သုရူပ မင်းသမီးတို့သည်ကား တရားနာရသဖြင့် အရဟတ္တဖိုလ် ဆိုက်ကာ ဘိက္ခူနီမ ရဟန္တာမ (၂)ဥိးဖြစ်ခကတ်သည်။
မဟာမုနိရုပ်ပွါးတော်မြတ်ကိုသွန်းလုပ်ပြီးနောက်ကြွင်းကျန်လိုက်သော ရတနာတိကို (ရှင်ကြီး၊ရှင်ငယ်)ရှင်ကျော်) ဟု ဘုရားသုံးဆူ သွန်းလုပ်ပြီးနောက် သုံးကျိပ်သုံးဆူကုန်သော မဟာကျိန်၊မဟာကျံ၊ ရုပ်ပွါးတော် ငယ်များကို သွန်းလုပ်လိုက်သည်။ကြွင်းကျန်သော ရတနာတိကို သီရိဂုတ်ကုန်း၌ ဌာပနာထားလျက် တည်ထားလိုက်ကတ်သည်။
စန္ဒသူရိယမင်းထံလည်း မကြာမြင့်မီ အရိန္ဒ လှံပျံ ရောက်တော်မူ၏။ ကျွန်းဇမ္ဗူတွင် သာသနာပြုမင်းအဖြစ် ထင်ရှားလျက် ရခိုင်ပြည်မှာ စိုးစံအုပ်ချုပ် မင်းလုပ်တော်မူလိုက်သည်။
ဘုရားရှင်လည်း သိကြားမင်း ဖန်ဆင်းအပ်သော ပြဿာဒ်ယာဉ် များဖြင့် ရဟန္တာငါးရာခြံရံ၍ ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်တောင်ဘက်သို့ ကြွလားရာ နတ်လူအပေါင်း သောင်းသောင်းသာဓုခေါ်ဆိုကြလေကုန်တော့သည်။
မြတ်စွာဘုရားသည် အနောက်ဖရုံကိစ္ဆကျွန်း( ယခု ဖရုံကာကျွန်း) ပင်လယ်ပြင် ကမ်းစပ်သို့ ရောက်လတ်သော် သက်ဆင်းတော်မူပြီး ရောင်ခြည်တော် ကွန့်မြူးလိုက်သော် ရီကစားနိန်ကတ်သော နီနတ်နဂါးမင်းရှစ်ဦးတို့ ဘုရားရှင်ကြွရောက်ကြောင်း သိတော်မူသဖြင့် အယင်ဗယင် လာရောက်ကတ်ပြီး ခရီးဦးကြိုဆို ရှိခိုးပူဇော်ကြလေသည်။ နောင်အခါတွင်ကိုးကွယ်ပူဇော်နိုင်ရန် တောင်းပန်လိုက်ကတ်သဖြင့် ဦးခေါင်းတော်အား သုံးသပ်လျက် (ဆံကေသာဓါတ်နှစ်ဆူ) ပီးသနားတော်မူပြီးသော် သင်တို့နဂါးပြည်၌ (၇)ရက်ခန့်သာ ပူဇော်ပြီး ဤနီလပဗ္ဗတ တောင်ပေါ်၌ ဖရုံကာကျွန်းပိုင် ဒေ၀ကျော်ဝိမလအမတ်ထံ ခွင့်ပန်လျက် စေတီတည်လေလော့ဟု မိန့်ဟတော်မူခသည်။
ရီနဂါးမင်းရှစ်ဦးတို့လည်းဗုဒ္ဓမြတ်စွာမိန့်မှာတော်မူချက်အရနဂါးပြည်၌နတ်ပွဲသဘင်ဆင်ယင်ကျင်းပပူဇော်ကြပြီးသော် (၇) ရက်စိသောအခါ လူယောင်ဖန်ဆင်းလျက် စန္ဒသူရိယမင်း၏ နန်ေးတ်ာအရောက်လားပြီးသော် မင်းကြီးအားဗုဒ္ဓမှားကြားချက်ဗျာဒိတ်စကားတော်အရနီလပဗ္ဗတတောင်မှာ စေတီတည်နိုင်ရန် တင်ပြကြလေသာ် မင်းကြီးလည်း ဒေ၀ကျော် ၀ိမလ ပညာဟိနှင့် တိုင်ပင် ဆောင်ရွက်ကတ်လီဟု ခွင့်ပြုတော်မူလိုက်၏။
နဂါးမင်းတို့လည်းအမတ်ကြီးနှင့်တိုင်ပင်ကာနီလပဗ္ဗတောင်ထိပ်မှာ နဂါးရစ်ရွှေဖြင့် နွားဥဿဖ တမော့ခန့်ရှိသော စေတီတော်ကို တည်ထားကြလေကုန်သည်။( ယခုအခါ ဆံတော်ရှင်စေတီဟု ခေါ်ဆိုကတ်သည်။)
နောက်များမကြာမီ စန္ဒသူရိယမင်းကြီး ကြွရောက်လာပြီးသော် ဗရုံကိစ္ဆကျွန်းမှ ( ဖရုံကာကျွန်းသုံးကျွန်း) ကျောက်သား၊ ကျောက်တုံးများကို ရှာဖွီယူစီလျှင် ပန်းရံဆရာအပေါင်းအား ဆံတော်ဓါတ်စေတီငယ်များ အပြင်မှ ထပ်မံမွမ်းမံစီကာစေတီတော်ကြီးကို တည်ထားလျက် မင်းကြီးသည် ဘုရားပွဲတော်ချကာ အဓိဋ္ဌာန်ပြုလိုက်သော် စေတီတော်ထဲမှရောင်ခြည်တော်များထွက်ကာကောင်းကာင်ပေါ်သို့တက်ပြီးကွန့်မြူးလေသော်မြီကြီးကလည်းငလျင်လှုပ် သာဓုအနုမောဒနာ ခေါ်ဆိုကြလေသာ် ဆံတော်ဓါတ်များ ထန်းလုံးပမာ ရောင်ခြည်ဖြာပြီး စေတီထဲသို့ တဖန်ပြန်လည် ဆင်းသက်ဝင်ခံလေမူ မင်းနှင့်တကွ ပြည်သူများ ဖူးမြော်ကြရလေသည်။
ဘုရားရှင်သည် နဂါးမင်းတို့အား ဆံတော်ပီးသနားတော်မူပြီးနောက် တဖန်ဆက်လက်ကာ ကောင်းကင်ခရီးဖြင့် ကြွမြန်းလေသော်(အဉ္စနဒီ)အမ်းချောင်းအနားလမုချောင်ရီအိုင်အနားတောင်ကတုံးတခုမှာရပ်တန့်လိုက်လေသော်ပူဇော်သမှုပြုသောမုတ်ဆိုးကြီးအားအကြောင်းပြု၍ကိုးကွယ်နိုင်ရန်နာဠာဂီရိတောင်ထိပ်၌ လက်ဝဲခြီတော်ရာကို ချတော်မူခသည်။ (၎င်းကို မအီစက်တော်ရာဟု ခေါ်ဆိုကြည်။)
မဏိသေလအိုင်တွင်လက်ယာပါဒခြီတော်ရာချတော်မူခသည်။၎င်းနောက်ရန်းတောင်ထက်မှမအီချောင်းနားတစ်ဝှိုက် နုငယ်စဉ်ဘ၀များစွာ ကျင်လည်ခဖူးပုံ နိန်ရာဒေသအသီးသီးကို ဗျာဒိတ်ခြွေလေသည်။
၎င်းနောက် ဒွါရာဝတီ သို့ကြွချီတော်မူ၍တောင်ကတုံတစ်ခု၌ ရပ်တန့်တော်မူလေသည်။ (၎င်း တောင်ကို တန့်တော်မူတောင်ဟု ခေါ်ဆိုသည်.) ဗုဒ္ဓမြတ်စွာ အလောင်းတော်ဘ၀က ဒွါရာဝတီတစ်ဝှိုက် ဘ၀ပေါင်းများစွာ ဖြင့် ကျင်လည်ခရသော တောတောင်တို့၌ နောက်တွင် ဓါတ်တော်များ တည်ထားကြမည့် ဗျာဒိတ် မိန့်ဟလေသည်။ ၎င်းနောက် နတ်ပြဿာဒ်ယာဉ်တို့ဖြင့် ရိုးမတစ်ဖက် ရိုးတောင်စွယ် ဖိုးဦးတောင်တွင် ရပ်တန့်တော်မူလေသည်။
ထိုအချိန်၌ အရှိ့တောင်သမုဒ္ဒရာ ရီမျက်နှာပြင်မှာ နွားချီးခြောက်တစ်ခု မျောလာ သည်ကို ပွီးငယ် တစ်ကောင်က နှုတ်သီးဖြင့်ကောက်၍ ဘုရားရှင်အားပူဇော်လိုက်၏။
ဘုရားရှင်ပြုံးရယ်တော်မူသဖြင့် ညီတော်အာနန္ဒာ လျှောက်ထားတော်မူသဖြင့် “ ချစ်သား.. အာနန္ဒာ ..
ဤနွားချီးခြောက်မျောနိန်သောနိန်ရာ၌နေင်သောအခါမှာရီးခန်းခြောက်ပြီးကျွန်းမြီပြင်ဖြစ်လိမ့်မည်။ဤပွီးငယ်သည်လူဖြစ်လာပြီးသော် (ဒွတ္တဘောင်)တည်းဟူသော မင်းအဖြစ်ထင်ရှားလျှက် ဤနိန်ရာ၌ သရေခေတ္တရာ ပြည် ကြီးကို တည်ဆောက်လတ္တံ့ ” ဟုဗျာဒိတ်စကားမိန့်ဟခဖူးသည်။
ဘုရားရှင်လည်းပြန်ကြွတော်မူလာကာရမ္မာဝတီ၊မေဃ၀တီနှင့် ဓည၀တီအနောက်ဘက် မေယုမြစ်တစ်လျှောက် နတ်မြစ်စသော အနီးတစ်ဝှိုက် နုငယ်စဉ်က ကျင်လည်ခဖူးမှု အရပ်ဒေသ အသီးသီးတွင် နောင်သောအခါ ဓါတ်တော်တည်ထားကြမည်ကို ဗျာဒိတ်စကားမြွက်ကြားလိုက်သည်။
ထိုနောက်မှနတ်ပြဿာဒ်ယာဉ်များဖြင့်မဇ္ဈိမဒေသသို့ဒေသစာရီကြွချီတော်မူသည်။ ၎င်းနောက်ကပ္ပီလ၀တ်ပြည်ရှိ ခမည်းတော် မင်းတောင်းပန်ချက်အရ ပဉ္စလောဟရတနာဖြင့် (သကျမုနိ)ကိုယ်စားသွန်းလုပ် ပီးပြီး ဟိမ၀န္တာမှာ နတ်များအပေါင်းတောင်းပန်မှုကြောင့် ပဉ္စာလောဟာရတနာဖြင့် (လောကမုနိ) ကိုသွန်းလုပ်ကိုယ်စားပီး ချီးမြှင့်ခလေသည်။
[ ဤတွင် အချို့ရာဇ၀င်တို့၌ ဗုဒ္ဓသည် သရေခေတ္တရာ ဗျာဒိတ်ပီးပြီး ၎င်းမှပင် ကောင်းကင်ခရီးဖြင့် မဇ္ဈိဒေသသို့ ပြန်ကြွလားသည်ဟု ရွီးသားထားကြသည်။ တစ်ချို့ရာဇ၀င်၌ ဗုဒ္ဓသည် သေလာဂီရိ တောင်တစ်ခုတည်း မှသာ ရခိုင်၌ ဗျာဒိတ်ပီးသည် ။ တဟ်ခြားနိန်ရာသို့ ဒေသစာရီကြွချီတော်မူပြီး ဗျာဒိတ်မပီးခဟု ရွီးသားထားကြသည်။
စဉ်းစားစရာကား အရပ်ဒေသ အသီးသီးသို့မကြွဘဲ ဗုဒ္ဓ ခြီတော်ရာ မည်သို့ချခသနည်း။ ရခိုင်ဒေသ ကျင်လည်ခဖူး ဘ၀များလှသဖြင့် ကြွချီဗျာဒိတ် ခပ်ကာမှ မဇ္ဈိမဒေသသို့ ပြန်ကြွလားခြင်းသာဖြစ်သည်ဟု ယူဆပါသည်။]( ဦးအောင်ဇေယျ- မြောက်ဦး)၏ ယူဆချက်) ]
ကိုးကားချက်
ဦးအောင်ဇေယျ (ဓည၀တီ)
ရခိုင်မင်းဆက်များနှင့် ဗုဒ္ဓသာသနာတော် စာအုပ်
No comments:
Post a Comment