Sunday, March 28, 2010

လူသားဆိုင်ရာ အခွင့်ရေးများ ကျူးလွန်သူ နစက တပ်သားကို နစကမှူး အရေးယူ

3/27/2010

အရေး မယူပါက မိမိခေါင်းပေါ် အပြစ်ပုံကျမည်ကို စိုးရိမ်သဖြင့် လူသားဆိုင်ရာ အခွင့်ရေးများ ကျူးလွန်သူ နစက တပ်သားများကို နစက ကွပ်ကဲရေးမှူး ဗိုလ်မှူး အောင်ကြီးမှ များမကြာမှီက အရေးယူ လိုက်သည်ဟု သတင်း ရရှိသည်။

၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပြိုမြို့နယ်ခွဲ တောင်ပြိုယာစခန်းတွင် နစက တပ်သားများက ဒေသခံ အရပ်သားများ အပေါ် လူသားဆိုင်ရာ အခွင့်အရေးများ ကျူးလွန်သည့် ပြစ်မူ တခု ပေါ်ပေါက်ခဲ့သည်။

တောင်ပြို ယာစခန်း အမှတ်(၇) နစက နယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်သား မောင်ဝင်းနှင့် နစက တပ်စု တစုသည် တောင်ပြိုယာ ကျေးရွာမှ ရွာသား ၄ ဦးကို အကြောင်း မရှိ အကြောင်းရှာပြီး ဖမ်းဆီးကာ လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက် ခဲ့သည်ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက နိရဉ္စရာသို့ ပြောသည်။

နစက တပ်သား မောင်ဝင်းနှင့် အဖွဲ့သည် အဆိုပါ ကျေးရွာသားများအား တဘက်နိုင်ငံနှင့် ဆက်စပ်သည်ဟု ဆိုကာ စွပ်စွဲ ဖမ်းဆီးခဲ့ပြီးနောက် ငွေကြေး အမြှောက်အများကို တောင်းခံခဲ့သည်။

အဆိုပါ တောင်းခံငွေများကို အရပ်သားများက မပေးနိုင်သောအခါ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည်။ ထိုအထဲတွင် အရပ်သား ၄ ဦးအား ကိုယ်တုံးလုံးဖြင့် လက်နှင့် ခြေထောက်ကို ကြိုးဖြင့် ချည်နှောင် ထားပြီး ခန္ဓာကိုယ်ပေါ် (ရင်ဖတ်) တွင် ပုရွက်ဆိတ်အုံများကို ကြိုးဖြင့် စည်းပြီး အိပ်ခိုင်းခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။

ထိုကဲ့သို့ လူမဆံစွာ အနိုင်ကျင့်မူကြောင့် အဆိုပါ ကျေးရွာသားများမှာ သေလုမျောပါး ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

၎င်းအချိန်က တောင်ပြို နစက နယ်မြေတွင် တာဝန်ကျနေသူ နစက နယ်မြေမှူးမှာ ဗိုလ်မှူး သန်းဌေးဖြစ်ပြီး စခန်း တာဝန်ခံမှာ လ၀က ဌာနမှ ဦးစီးအရာရှိ ဦးကိုကိုလှိုင် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ကျေးရွာသားများက မခံမရပ်နိုင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ILO ရုံးကို တိုင်ကြားခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။

တိုင်ကြားမူ ဖြစ်ပွားပြီးနောက် အဆိုပါ အမှုကိစ္စကို နစက ဌာနချုပ်မှ ပြန်လည် စီစစ် ဖေါ်ဆောင် အရေးယူမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လူသားဆိုင်ရာ ပြစ်မူ ကျူးလွန်သူ တပ်သားမောင်ဝင်းကို နစက တပ်ဖွဲ့မှ ထုတ်ပယ်ပြီး ထောင်ဒဏ်နှင့် တခြားသော ပြစ်ဒဏ်များကို ကျခံစေခဲ့ပြီး စခန်မှုး တာဝန်ကို ယူထားခဲ့သူ လ၀ကမှ ဦးစီးအရာရှိ ဦးကိုကိုလှိုင်ကိုလည်း မိခင် လ၀က ဌာနမှ ပြန်လည် ခေါ်ဆောင် သွားသည်ဟု သိရသည်။

ယခုကဲ့သို့ အပြစ်မပေးပါက မိမိခေါင်းပေါ် အပြစ် ပုံကျလာနိုင်သဖြင့် နစကမှူးက ဆယ်လ နီးပါးကြာပြီးမှ ပြစ်မူ ကျူးလွန်သူ နစက တပ်သားများကို အရေးယူခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။