Tuesday, December 8, 2009

ခြံစည်းရိုး ကာရံမည့် နအဖ စစ်သားများ နယ်စပ်သို့ ထပ်မံ ရောက်ရှိ

ခြံစည်းရိုး ကာရံမည့် နအဖ စစ်သားများ နယ်စပ်သို့ ထပ်မံ ရောက်ရှိ
12/8/2009

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေခ်ျ့- မြန်မာနယ်စပ် တလျောက်တွင် ခေတ္တရပ်နားထားသော ခြံစည်းရိုးကို ဆက်လက် ကာရံရန် အတွက် နအဖ စစ်သားများ နယ်စပ်သို့ တဖန် ပြန်လည် ရောက်ရှိ လာသည်ဟု နံသာတောင် ကျေးရွာသား တဦးက ပြောသည်။

“ နယ်စပ်မှာ ပြဿနာ ပေါ်ပေါက်ပြီးတဲ့နောက် စစ်သားတွေကို မြန်မာဘက်က ရုတ်သိမ်းပြီး ခြံစည်းရိုး ကာရံမူကို ခေတ္တရပ်နားခဲ့ပါတယ်။ အခုတခါ စစ်သားတွေ ဒီကနေ့ နံနက်က စပြီး နယ်စပ်ကို ပြန်လည် ရောက်ရှိ လာပါတယ်” ဟု သူက ပြောသည်။

နအဖ စစ်သားများ ရောက်ရှိလာပုံကို သူက ယခုကဲ့သို့ ပြောသည်။

“ ဒီကနေ့ အစောကြီး နံနက် ၃ နာရီ ခန့်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အင်အားကတော့ ၂၀၀ လောက်ထိ ပါမယ်ထင်ပါတယ်။ ဒါပေမယ့် အားလုံးက နစက ယူနီဖေါင်းတွေကို ၀တ်ထားပါတယ်။ သေနတ်တွေကိုလည်း သူတို့ ပေါ်ပေါ်ထင်ထင် ကိုင်တွယ်တာကို မတွေ့ရပါဘူး။”

ယခုရောက်ရှိ လာသော စစ်သားများမှာ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြောင်း နယ်စပ် သတင်း ရပ်ကွက်အရ သိရသည်။

ယခုရောက်ရှိလာသည့် စစ်သားများမှာ မပြီးဆုံးသေးသည့် နယ်စပ် ခြံစည်းရိုးကို ဆက်လက် ကာရံရန်အတွက် ဖြစ်သည်ဟု သူက ပြောသည်။

“အခု သူတို့လာတာက မပြီးသေးတဲ့ နေရာတွေကို ဆက်လက် ကာရံမယ်။ ပြီးတော့ ကွန်ကရစ်တိုင်တွေကို ဒေါက်တိုင်တွေနဲ့ ထောက်မယ်။ အရင်စိုက်ထားတဲ့ ကွန်ကရစ် တိုင်ကြားတွေမှာ နောက်ထပ် ကွန်ကရစ်တိုင်တွေ ထပ်စိုက်မယ်လို့သိရပါတယ်။”

တပ်ရင်း ၆ ရင်းမှ စစ်သား ၆၀၀ ခန့်ကို ယခုလုပ်ငန်းတွင် အသုံးပြုသွားမည် ဖြစ်ပြီး နောက်ထပ် လုံထိန်း တပ်ရင်း တရင်းနှင့် ရဲတပ်ရင်း တရင်းလည်း များမကြာမီ နယ်စပ်သို့ရောက်ရှိလာမည် ဖြစ်ကြောင်း စစ်တပ် အသိုင်းအ၀ိုင်း သတင်းအရ သိရသည်။

ခြံစည်းရိုး ကာရံရန်အတွက် နေ့စား အလုပ်သမားများကိုလည်း ခေါ်ယူနေပြီး အမျိုးသမီးတဦးကို တနေ့ ၁၇၀၀ ကျပ်နှင့် အမျိုးသား တဦးကို ၂၅၀၀ ကျပ်နှုန်းဖြင့် လုပ်ခ ပေးသွားမည်ဟု သိရသည်။

ဘင်္ဂလား ရိုင်ဖယ်တပ်ဖွဲ့မှ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်နေချိန်တွင် ခြံစည်းရိုး ကာရံရန်အတွက် မြန်မာဘက်မှ နအဖ စစ်သားများ နယ်စပ်သို့ တိတ်တဆိတ် ရောက်ရှိလာသဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး မည်သို့ ဖြစ်လာမည်ကို နယ်စပ် ပြည်သူများက အထူး စိတ်ဝင်တစား စောင့်ကြည့် နေကြသည်ဟု နံသာတောင် ကျေးရွာသားက ပြောသည်။

http://www.narinjara.com/burmese.asp

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။