Sunday, December 27, 2009

သံတွဲမြို့ရှိ အစ္စလာမ် ဘာသာဝင်များကို ကမန်လူမျိုးဖြစ်ကြောင်း ထောက်ခံချက်ပါမှ အမျိုးသားမှတ်ပုံတင် ကဒ်ထုတ်ပေးမည်ဟု အာဏာပိုင်များက ပြောဆို

သံတွဲမြို့ရှိ အစ္စလာမ် ဘာသာဝင်များကို ကမန်လူမျိုးဖြစ်ကြောင်း ထောက်ခံချက်ပါမှ အမျိုးသားမှတ်ပုံတင် ကဒ်ထုတ်ပေးမည်ဟု အာဏာပိုင်များက ပြောဆို
၁၂။၂၃။၂၀၀၉

ရခိုင်ပြည်နယ်တွင် ရခိုင်အစ္စလာမ် မရှိသဖြင့် သံတွဲမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နိုင်ငံသား စီစစ်ရေးကဒ်ပြား ရယူလိုပါက ကမန်လူမျိုးစာရင်းထဲသွင်းပြီး ကမန် လူမျိုး အဖွဲ့ထံမှ ထောက်ခံချက် ပါရမည်ဟု အာဏာပိုင်များက ပြောဆိုသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် လူကြီး တဦးက သူတို့ ကြုံတွေ့နေရသော အခက်အခဲကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့က ဘိုးစဉ်ဘောင်ဆက် သံတွဲမှာ နေလာသလို လူကြီးတိုင်းမှာ အမျိုးသား မှတ်ပုံတင် ကဒ်ပြားတွေ ရှိပါတယ်။ ဒါပေမယ့် အခုကြီးပြင်းလာတဲ့ မျိုးဆက်သစ်လူငယ်တွေကို ကျတော့ အမျိုးသားမှတ်ပုံတင် ကဒ်ပြား လုပ်လို့ မရတော့ဘူး။ အာဏာပိုင်တွေက ရခိုင် အစ္စလာမ်ဆိုတာ မရှိတဲ့အတွက် ထုတ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ ခုကလေးတွေကို သူတို့ ထုတ်ပေးတာက ဧည့်နိင်ငံသား အဖြူရောင် ကဒ်တွေ ဖြစ်တဲ့ အတွက် ကလေးတွေမှာ ပညာသင်ကြားရေးပိုင်းမှာ အထူးအခက်အခဲ တွေ့နေရပါတယ်။”

၎င်းပြင်သူက “ ကျွန်တော်တို့ကို အမျိုးသားမှတ်ပုံတင် လိုရင် ကမန်လူမျိုးဖြစ်ကြောင်း ကမန်အဖွဲ့အစည်းက ထောက်ခံချက်ယူလာပါလို့ ပြောတယ်။ ကျွန်တော်တို့က ကမန် လူမျိုး မဟုတ်ပေမယ့် ကမန်အဖွဲ့အစည်းက ထောက်ခံချက် ယူလာပြီး တင်ပေမယ့် အခုအချိန်ထိ နိုင်ငံသား ကဒ်ပြားတွေ မရသေးဘူး။ သံတွဲမှာ နိုင်ငံသား ကဒ်ပြား မရတဲ့ အစ္စလာမ်ဘာသာဝင်တွေ အများကြီး ရှိပါတယ်” ဟု ပြောသည်။

သံတွဲရှိ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အမျိုးသားမှတ်ပုံတင် ကဒ်ပြားရရန် အဖိုးအဖွား အမိအဖတို့၏ အမျိုးသားမှတ်ပုံတင်များ၊ ပုံစံ တဆယ် စာရွက်များအပြင် တခြား အထောက်အထား စာရွက်များဖြင့် အမူတွဲ လုပ်ပြီး ပြည်နယ် လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနထိ တင်သော်လည်း တစုံတရာ အကြောင်းမထူးဘဲ ဖြစ်နေသည်ဟု သူက ပြောသည်။

“ နည်းမျိုးစုံနဲ့ ကလေး အတွက် အမျိုးသား မှတ်ပုံတင် ရရှိအောင် အမူတွဲတွေ လုပ်ပီး ပြည်နယ် လ၀ကတိ တင်ပေမယ့် ဘာမှ မထူးဘဲ ဖြစ်နေပါတယ်။ ခရိုင်ကို မေးတော့ ပြည်နယ်ကို တင်လိုက်ပီလို့ ပြောတယ်။ ပြည်နယ်ကို မေးတော့ မရောက်သေးဘူးလို့ပြောတယ်။ အဲဒီအမူတွဲကို လ၀ကကို တင်တဲ့အတွက် တဦးကို ပိုက်ဆံ တသောင်းခွဲထိကုန်ပါတယ်။ ခု ပိုက်ဆံလည်းဆုံး အကျိုးလည်း မရှိဘဲ ဖြစ်နေပါတယ်။”

ယခုကဲ့သို့ အစ္စလာမ် ဘာသာဝင် မိဘနှစ်ပါးတွင် အမျိုးသားမှတ်ပုံတင် ကဒ်ပြားရှိသော်လည်း ကလေးတွေကျမှ အမျိုးသားမှတ်ပုံတင် ကဒ်ပြားများ ထုတ်မပေးဘဲ ထားခြင်းမှာ ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်များကို ချိုးနှိမ်လို၍ ဖြစ်သည်ဟု သူက ပြောသည်။

၎င်းပြင် ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် နိုင်ငံသား စီစစ်ရေး အဖွဲ့ ဖွဲ့စည်းထားပြီး နိုင်ငံသား ဟုတ်မဟုတ်ကို စီစစ်မူများ ပြုလုပ်နေသည်ဟု သူက ပြောသည်။

“ နိုင်ငံသား စီစစ်ရေးအဖွဲ့မှာ လ၀က မြို့နယ်မှူးက ဥက္ကဌ အနေနဲ့ ပါဝင်ပါတယ်။ တခြားအဖွဲ့ဝင်တွေကတော့ ပြည်သူ့ရဲ၊ ကျန်းမာရေးဌာန၊ စီမံကိန်းနဲ့ ရယကတွေ ပါဝင် ပါတယ်။ သူတို့က ဘယ်သူက ရခိုင်ဖြစ်တယ်။ ဘယ်သူက ကမန်ဖြစ်တယ်။ ဘယ်သူက ဘင်္ဂလီ ဖြစ်တယ်ဆိုတာ တိတိကျကျ သိတာမဟုတ်ဘဲနဲ့ ဆုံးဖြတ်ပေးနေတော့ ဒါက လုံးဝ သဘာဝ မကျဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်တိုင်းရင်းသား ဖြစ်တယ်။ ဘယ်တိုင်းရင်းသားရမှ နိုင်ငံသားကဒ်ပြားယူမယ်ဆိုပီး တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် နိုင်ငံသား တဦးရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ သံတွဲမြို့နယ်တွင် အစ္စလာမ်ဘာသာဝင် လူငယ်များအား အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို သက်ဆိုင်ရာမှ ထုတ်မပေးသဖြင့် ခရီးသွားလာရာမှ အစ ပညာသင်ကြားရေးတွင် စာတော်သော်လည်း အဆင်မြင့်သည့် သက်မွေး ၀မ်းကျောင်းပညာရပ်များကို သင်ကြားနိုင်ခွင့် မရရှိသည့် အပြင် အစိုးရ အလုပ်ကိုလည်း လုပ်ကိုင်နိုင်ခွင့် မရရှိဘဲ ဖြစ်နေသည်ဟု သိရှိရသည်။

http://www.narinjara.com/detailsbur.asp?id=2196

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။