ယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလုပ်သမားများ
Thursday, 12 November 2009 18:39 အဲလက်စ် အဲလ်ဂီး
“ရဲတွေ့ရင် ရင်တုန်ကြောက်ရွံ့ မနေရတော့ဘူးဆိုတော့ ကျနော် ပျော်လိုက်တာ။ ကျနော် ထိုင်းနိုင်ငံထဲမှာ လွတ်လွတ် လပ်လပ် ခရီးသွားနိုင်တော့မယ်၊ ငွေညှစ်ခံရမှာ၊ အဖမ်းခံရမှာလည်း ပူစရာ မလိုတော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုသော်တာက ဆိုသည်။
ကိုသော်တာ ၁၀ နှစ်သား အရွယ်က သူ၏ မိသားစုနှင့်အတူ ဆင်းရဲဒုက္ခများ လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံမှ ထိုင်း နိုင်ငံသို့ ထွက်ပြေး အခြေချခဲ့ကြသည်။ သူက နှစ်ပေါင်းများစွာ ထိုင်း ရဲကို ကြောက်ရွံ့ရင်း ကြီးပြင်းလာခဲ့ရသည်။ ရံဖန်ရံခါ ငွေကြေး လာဘ်ပေးရသည်လည်း ရှိခဲ့သည်။ မပေးလျှင် ထောင်ချနိုင်သည်။ ပိုဆိုးသည်က မြန်မာ နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရမည့် အန္တရာယ်လည်း သူတို့ ကြုံရနိုင်သေးသည်။
နောက်ထပ် ၁၇ နှစ်အကြာမှာတော့ ကိုသော်တာက ဘန်ကောက်ရှိ စားသောက်ဆိုင်ကြီးတခုတွင် စားဖိုမှူး ဖြစ်နေပြီ။ ယခုတော့ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။
သေချာ ရေရာမှု မရှိလှသည့် တရားမ၀င်ရွှေ့ပြောင်း လုပ်သားများဘ၀မှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းပေါ်သည်နှင့် တပြိုင်နက် သူ အရယူခဲ့သည်။ သူ၏လုပ်ငန်းရှင်က ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးကာ ယာယီနိုင်ငံကူးလက်မှတ်အတွက် အကူအညီပေးမည်ဟု ပြောလာသဖြင့် သူဝမ်းအသာကြီး သာခဲ့မိသည်။
တချို့သော သူများအတွက်တော့ နိုင်ငံကူးလက်မှတ်ရလာသည့် ကိုသော်တာ၏ အနေအထားကို အောင်မြင်မှု တခုအဖြစ် ယူဆနေကြသည်။ တကယ်လည်း ယူဆထိုက်၏၊ ကိုသော်တာ ထိုလက်မှတ်ရရန် ထိုက်သင့်သည့်ငွေကြေး ကုန်ကျမှုထက် တပြားတချပ်မျှ ပိုမပေးခဲ့ရသည့်အပြင် သူ့ အလုပ်ရှင်က သူ့ကို လုံခြုံစွာဖြင့် နယ်စပ်အထိ လိုက်လံပို့ဆောင် ကူညီပေးခဲ့သေးသည်။
သို့သော်လည်း တက်ကြွလှုပ်ရှား သူများကတော့ ယခုအခါ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်များအနေနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ပြောဆိုနေကြသည်။
ကိုသော်တာလို ကံကောင်းသည်ကတော့ လူနည်းစုသာ ဖြစ်သည်။ ကိုသော်တာသည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် အနက်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာသူ ၂၀၀၀ ထဲမှ တဦးသာ ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီး Phitoon Kaewthong ၏ အဆိုအရ ဤ လူ ၂၀၀၀ မှာ နိုင်ငံသားစိစစ်ရေး ဌာနများတွင် မှတ်ပုံတင်လာကြသူ၊ တနှစ်တာ (သက်တမ်းတို) နိုင်ငံကူးလက်မှတ်ရရှိကြသူ အရေအတွက် ဖြစ်သည်။
အလုပ်သမားများကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသူများက ယခုကဲ့သို့ အလွန်နည်းသော လူဦးရေ အရေအတွက်ကသာ လက်မှတ် လာလုပ်ကြခြင်းကို ထောက်ပြဝေဖန်ကြရာ၌ လူအများအကြား သိရှိစေရန် သတင်းဖြန့်ဝေပေးခြင်း၊ ရွှေ့ပြောင်း လူထုများအကြား လူထုဆက်သွယ်ပြန်ကြားရေး အားနည်းမှုကြောင့်ဟု ထောက်ပြကြသည်။ သူတို့က ပြောဆိုကြရာ၌ အလုပ်သမားများက ယခု အစီအစဉ်ကို မသိရှိကြကြောင်းနှင့် ကြားသိသူများကလည်း ကောလာဟလမျိုးစုံနှင့် ရှုပ်ထွေးေ၀၀ါး နေကြသည်ဟု ဆိုကြသည်။
သူတို့ ထောက်ပြသည်မှာလည်း အမှန်ဖြစ်သည်။ မဲဆောက်တွင် စက်ရုံပိုင်ရှင် အများစုက နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံကူး လက်မှတ်ပြုလုပ်ရေးကိစ္စ သူတို့လုပ်သားများထံ တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိကြပါ။
“မဲဆောက်မှာက လုပ်ခပေးတာလည်း သိပ်နည်းတယ်။ လုပ်ငန်းခွင် အခြေအနေကလည်း သိပ်ဆိုးတယ်။ အလုပ်ရှင်တွေ က တကယ်လို့ သူတို့အလုပ်သမားတွေသာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိလာရင် လွတ်လပ်ခွင့် ရလာကြမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ရှင်းပြသည်။
အကယ်၍ အလုပ်သမားများက မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ပြီးသည်နှင့် လက်မှတ်ရခဲ့လျှင် ထိုင်းနိုင်ငံထဲ၌ လွတ်လပ်စွာ သွားလာခွင့်ရှိလာမည် ဖြစ်သည်။
“စက်ရုံပိုင်ရှင်တွေက သူတို့ အခု မဲဆောက်မှာတနေ့ ဘတ် ၅၀ (ကျပ် ၁၅၀၀ ဝန်းကျင်) ပေးနေတဲ့အလုပ်ကနေ တနေ့ကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ဝန်းကျင်) လောက်ရနိုင်မယ့် ဘန်ကောက်လို တခြားဒေသဘက်ကို အလုပ်သမားတွေ ရွှေ့ပြောင်းသွားမယ် ဆိုတာ သိနေတယ်” ဟု ကိုမိုးဆွေက ဆိုသည်။
မဲဆောက်တွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအဖို့ မူလလုပ်ခကပင် နည်းလွန်းနေရာ ယခု နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စအတွက် ငွေကြေးမတတ်နိုင် ဖြစ်နေကြရသည်။ ထိုမျှမက အရာရှိများနှင့် ပွဲစားများ၏ ခြစားမှုသတင်းများ ကြားနေကြရသောကြောင့်လည်း စိတ်မလန်းနိုင် ဖြစ်နေကြရသည်။
မဲဆောက်နေ စက်ရုံအလုပ်သမတဦးက သူ၏ စိတ်ပျက်အားငယ်မှုများကို ဧရာဝတီမဂ္ဂဇင်းထံ ဖော်ထုတ် ပြောပြခဲ့သည်။
သူ အလုပ်လုပ်နေသည့် သိုးမွေးချည်ထိုးစက်ရုံသို့ မြန်မာအရာရှိများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ၂ ဦး ပူးတွဲရောက်ရှိလာပြီး သူတို့ အလုပ်ရှင်ကို ဖိအားပေးသည်။ အလုပ်သမားများကို ယခု နိုင်ငံသား စိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရန် ပြောဆိုသည်ဟု ကြားသောအခါ မူလက သူတို့အားတက်ပျော်ရွှင် နေခဲ့ကြသည်ဟု ထို အမျိုးသမီးက ပြောပြသည်။
စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားများ အနေနှင့် လက်မှတ်ရရှိရန် တဦးလျှင် ဘတ် ၅၀၀၀ (ကျပ် ၁ သိန်းခွဲခန့်) ဖြင့် ဈေးနှုန်းချိုသာစွာ လုပ်ပေးမည်ဟု ကြေညာကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရလိုပါက ယခုအချိန်သည် လျှောက်ထားကြရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထိုသူတို့က ပြောဆိုခဲ့သည်ဟု ဆိုသည်။
အလုပ်သမား အများစုက နိုင်ငံသားစိစစ်ရေးကိစ္စအတွက် စတင် လျှောက်ထားခဲ့ကြသော်လည်း ၁၀ ရက်အကြာတွင် လုပ်ခဈေးနှုန်းက ဘတ် ၇၅၀၀ (ကျပ် ၂၃၀၀၀၀ ခန့်) အထိ ဈေးတက်သွားပြီဟု ကြေညာခဲ့သည်။
“လူတွေက ဘယ်ဈေးနှုန်းရှိတယ်၊ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဘယ်သိမှာလဲ၊ အခုလို ဈေးနှုန်းတွေ ဘယ်လို မြင့်ကုန်သလဲဆိုတာ ကျမ နားမလည်နိုင်ဘူး။ အခုတော့ အပိုအကုန်အကျခံ ပြီး လုပ်ကြရတော့မယ်။ အခုလို မရိုးမသား လုပ်တာကိုလည်း သံသယဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ဈေးနှုန်းတွေကို တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာသင့်တယ်” ဟု အဆိုပါ အလုပ်သမက ပြောသည်။
ပွဲစားကုမ္ပဏီ ၃ ခုက ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပုံစံများ ဖြည့်သွင်းရန် မြန်မာနယ်စပ်ရှိ နိုင်ငံသားစိစစ်ရေး ဌာနများသို့ ခရီးသွားလာရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်ဟု သိရသည်။ ထိုအတွက် ကုန်ကျစားရိတ် ပိုသွားခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်း များကမူ လုပ်ခနည်းနည်းသာ ရရှိနေသော မြန်မာအလုပ် သမားများအတွက် လက်မှတ်လုပ်ခ ဈေးနှုန်းမြင့်မားနေသည်ဟု ဝေဖန်ကြသည်။ ဤသို့အကုန်အကျမခံနိုင်သည့်အတွက်ကြောင့် လက်မှတ် လျှောက်ထားမှုကို ဟန့်တားသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။
တချိန်တည်း၌ပင် တရားမ၀င် ပွဲစားများကလည်း လှုပ်ရှားနေကြသည်။ တချို့သတင်းများအရ လူလိမ်ပွဲစားများကို နိုင်ငံ ကူးလက်မှတ် အမြန်ရစေရန် ဘတ် ၁ သောင်းခန့် (ကျပ် ၃ သိန်းကျော်) ပေးကြရပြီး နောက်တကြိမ် ပြန်မတွေ့ ကြရဘဲ အလိမ်ခံနေကြရသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ အလုပ်သမား ဆက်ဆံရေး အဖွဲ့ (Thailand’s State Enterprise Workers Relations Confederation) ၏ အထွေထွေ အတွင်းရေးမှူးကမူ ယခုလုပ်ငန်းစဉ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင် ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော်လည်း ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများက သူတို့၏ ချွတ်ယွင်းချက် အမှားများကို လက်ခံ၍ အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။
“အခုအစီအစဉ် အလုပ်ဖြစ်နိုင်ဖို့ ထိုင်းအစိုးရက သူ့ဘက်မှာ လာဘ်စားမှုတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျပိုများပြီး လုပ်ငန်း မတွင်ကျယ် ဖြစ်နေရတာ။ မြန်မာအစိုးရအနေနဲ့ တချို့တိုင်းရင်းသား လူမျိုးတွေလည်း မြန်မာနိုင်ငံသားပဲ ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့လည်း ဗမာတွေလိုပဲ နိုင်ငံသားအဖြစ် စိစစ်ပြီး လက်မှတ်ရဖို့ အခွင့်အရေးရှိသင့်တယ်” ဟု သူက ဆက်ပြောသည်။
ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားကြသူ ဗမာမဟုတ်သော တချို့ တိုင်းရင်းသားများမှာ ပို၍ အခက်အခဲများ ကြုံတွေ့ ကြရသည်ဟုလည်း သတင်းများက ဆိုကြသည်။
တာ့ခရိုင် မဲဆောက် နိုင်ငံသားစိစစ်ရေးဌာနမှ အရာရှိတဦး၏ အဆိုအရ မြန်မာ - မွတ်လင်များ၏ နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားမှုတိုင်းကို ပိုမိုငြင်းပယ် ခံရသည်ဟု သိရသည်။
“ကျနော်တို့ လျှောက်ထားတဲ့သူ ၁၀၀၀ ကျော်ကို စိစစ်ပေးနေပါတယ်၊ အခု အချိန်အထိတော့ ငြင်းပယ်ခံရတဲ့ မြန်မာ မွတ်စလင်တွေကလွဲရင် တခြား ကျန်တဲ့သူတွေအတွက် ပြဿနာ မရှိပါဘူး” ဟု သူက ပြောပြသည်။
ရိုဟင်ဂျာများကိုမူ မြန်မာစစ်အစိုးရက နိုင်ငံသားမဟုတ်ဟု ငြင်းပယ်ထားခဲ့ပြီး သူတို့ကို ပြည်ပသို့ နှင်ထုတ်နေကြသည်။ ၎င်းရိုဟင်ဂျာများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီ ခိုလှုံရေးစခန်းများတွင် ထွက်ပြေးနေထိုင် နေကြရသည်။ ဤသို့ ငြင်းပယ်ခံရမည် သေချာနေခြင်းကြောင့်လည်း ထိုသူများအဖို့ ပို၍နစ်နာဖွယ်၊ ပို၍ အခွင့်အရေး ချိုးနှိမ်ခံရ၊ ဒုက္ခကြုံတွေ့ရဖွယ် အခြေအနေ ရှိနေသည်။
“ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးတမျိုးလို့ အစိုးရက လက်ခံတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေတော့ သူတို့က နိုင်ငံသား အဖြစ် စိစစ်အသိအမှတ်ပြု ခံရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာ ရိုဟင်ဂျာအသင်း အဖွဲ့ဝင် Enayet Ullah က ပြောသည်။
“ရိုဟင်ဂျာတဦးအဖို့ နိုင်ငံကူး လက်မှတ်ရဖို့ထက်စာရင် အဖမ်းခံရဖို့က ပိုများတယ်” ဟု သူက ဖြည့်စွက်ပြောသည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာနေချိန်တွင် ကုလသမဂ္ဂ အရာရှိ David Feingold ကလည်း လူအများအနေနှင့် ယခု ယာယီ နိုင်ငံကူး လက်မှတ် ရရှိနိုင်မည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြရလိမ့်မည် ဟု ယုံကြည်နေကြောင်း၊ ထိုသူများအနေနှင့် လူကုန်ကူး ရောင်းစားခံရမှု အန္တရာယ် တိုး၍ ကြုံရနိုင်ကြောင်း ပြောသည်။
“အပေါ်ယံကြည့်ရတာတော့ အကုန်လုံး အဆင်ချောနေပြီး လာဘ်စားမှုတွေ ကင်းတယ် ဆိုဦးတော့၊ ၂၀၁၀ မှာ လူအများကြီး လာပြီး မှတ်ပုံတင်ကြမယ့် အနေအထား မတွေ့ရဘူး။ တကယ်လို့ နောက်ဆုံးသတ်မှတ်ရက်ကို ရက်ထပ်မတိုးဘူး ဆိုရင်တော့ လူအများစုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် သူတို့ ပိုပြီးနစ်နာမယ်၊ အန္တရာယ်ကြုံရဖို့ ပို ဖြစ်နိုင်တယ်” ဟု David Feingold က ဆိုသည်။
ရိုဟင်ဂျာများကဲ့သို့ပင် ချင်းမိုင်မြို့ အနီးတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြသူ ရှမ်းတိုင်းရင်းသား များသည်လည်း တိုင်းရင်းသား ဖြစ်နေသည့်အတွက်ကြောင့် ၎င်းတို့ကို ညှိုး၍ဖိနှိပ်မည်ကို စိုးရိမ်နေကြသည်။
ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းမြန်မာများ၏ အခွင့်အရေးကိစ္စ ဆောင်ရွက်နေသည့် MAP foundation မှ ကိုယ်စားလှယ်တဦးက ၎င်းတို့သိရသော သတင်းများအရ ပြောပြရာတွင် ရှမ်းတိုင်းရင်းသား အလုပ်သမား ၇ ဦး လျှောက်လွှာတင်သွင်းခဲ့ရာ ၃ ဦး၏ လျှောက်လွှာများမှာ ငြင်းပယ်ခံခဲ့ရပြီး မြန်မာအာဏာပိုင်များက မည်သို့မျှ ရှင်းပြခြင်းမရှိဘဲ သူတို့၏ စာရွက်စာတမ်းများကို ပြန်မပေးဘဲ သိမ်းထားခဲ့ကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့က စုစည်း ကျင်းပသော အစည်းအဝေးတခုတွင် လည်း ရှမ်းတိုင်းရင်းသားများက သူတို့၏ အလားတူ စိုးရိမ်ချက်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ ချင်းမိုင်ဒေသနေ အလုပ်သမား ၂၀၀၀ ကျော်က ယခုစီမံချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုင်းအစိုးရထံသို့ ယခင် ဆောင်ရွက်နေသော အလုပ်သမား မှတ်ပုံတင်ပေးရေး အစီအစဉ်အတိုင်းသာ ပြန်လည်ဆောင်ရွက်ပါရန် တောင်းဆို ခဲ့ကြသည်။
လူအများစုက မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစုဝင်များအပေါ် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်။ နယ်စပ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးနေသည်။ စစ်သားများက အလုပ်သမားလက်မှတ် လျှောက်ထားသူများ၏ မိသားစုများထံမှ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေကြသည့်အတွက် အတင်းအကျပ် ပိုက်ဆံလုယက် တောင်းယူ နေကြသည် ဟူသော ကောလာဟလ သတင်းများလည်း ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။
ကိုမိုးဆွေက ဘန်ကောက်အနီး မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းစက်ရုံတခုတွင် အလုပ် လုပ်နေသည့် မြန်မာ အမျိုးသမီးတဦးနှင့် စကားပြောဆိုခဲ့ပုံကို ဧရာဝတီမဂ္ဂဇင်းအား ပြန်လည် ပြောပြသည်။
အဆိုပါ အမျိုးသမီးက နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ပြီး ၂ လခန့် အကြာတွင် သူ၏ မိခင်ထံမှ ဖုန်းခေါ်လာသည်ဟု ပြောသည်။ စစ်သားများက သူ့မိခင် နေထိုင်ရာ အိမ်သို့ ရောက်လာကြောင်း၊ သမီးဖြစ်သူ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် တလလျှင် ကျပ် ၃ သောင်းခန့် အခွန်ပေးရန် လာရောက်တောင်းခံကြကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်ဟု သိရသည်။
ယခု စီမံချက်နှင့် ပတ်သက်၍ အများစုသော မြန်မာရွှေ့ပြောင်း လူထုအတွက် စိုးရိမ်ပူပန်မှုမှာ ငွေကြေးဆုံးရှုံးရမည့် ကိစ္စ ပင် ဖြစ်သည်။ မြန်မာစစ်အစိုးရက အနာဂတ်တွင် သူတို့ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မည်ကို စိုးရိမ်နေကြပြီး ဤအချက် ကြောင့် လျှောက်လွှာတင်ရန် တွန့်ဆုတ်နေကြရသည်။
နောက်နောင်တွင် အခွန်ပေးဆောင်ရမည်ကို သိလိုက်ရသောအခါ ကိုသော်တာ၏ အပျော်များလည်း ပြိုကွဲခဲ့ရသည်။
“ကျနော် အစိုးရိမ်ဆုံးက မြန်မာအစိုးရက လာမယ့်အနာဂတ်မှာ ကျနော်တို့ဆီက အခွန်ကောက်မယ့် ကိစ္စပဲ၊ ကျနော်တို့ ဒီလောက် ဆင်းရဲပြီး လုပ်ခ နည်းနည်းပဲ ရနေတာတောင် ကျနော်တို့ နိုင်ငံခြားမှာ ရှိနေတော့ သူတို့ကြံဖန် အခွန် ကောက်ကြမှာပဲ” ဟု ကိုသော်တာက ဆိုသည်။
ပါဝင်ပတ်သက်နေကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ယခု နိုင်ငံသား စိစစ်ရေးကိစ္စတွင် စိုးရိမ်မှု အများအပြား ရှိနေကြကြောင်း သဘောတူညီကြသည်။ ဤအတွက်ကြောင့် စီမံချက်အောင်မြင် ရေးအပေါ်တွင်လည်း ပူပန်နေကြရသည်။
ယခု လုပ်ငန်းစဉ်ကို ပြောင်းလဲရန် လိုအပ်နေသည်ကတော့ အမှန် ဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရအကြား ပို၍ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေကြောင်းလည်း လူအများက အသိအမှတ်ပြုထားကြသည်။ ယခုလုပ်ငန်းစဉ်က ပို၍ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိနိုင်ရန် လျှောက်ထားကြရာ၌ သူတို့အတွက် လုံခြုံသည် ဟု ခံစားရစေရန်လည်း လိုအပ်နေသည်။ ထိုမျှမက သူတို့တတ်နိုင်သည့် နှုန်းထားဖြစ်ရန်လည်း လိုအပ်လျက်ရှိပါသည်။
http://www.irrawaddy.org/bur/
No comments:
Post a Comment